စစ်အစိုးရရဲ့အမွေ ခရိုနီစီးပွားရေး


အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် မြန်မာ့စီးပွားရေးမှာ စစ်အစိုးရရဲ့အမွေအဖြစ် တခုခုချန်ထားခဲ့တယ်ဆိုရင် အဲဒါဟာ အဆမတန်ကြီးထွားလာတဲ့ ခရိုနီစီးပွားရေး သို့မဟုတ် အာဏာရှိသူများနဲ့ တွယ်တက်လာတဲ့ လက်တဆုပ်စာ စီးပွားရေးသမားတချို့ ပူးပေါင်းပြီး တိုင်းပြည်ရဲ့ စီးပွားရေးဘ၀တခုလုံးကို အုပ်စီးချုပ်ကိုင်ထားခြင်းပဲ ဖြစ်ပါတယ်။

21635-tay-za-and-his-familyဦးတေဇ၊ သားနှစ်ယောက်နှင့် သမီး (ဓာတ်ပုံ – ဧရာဝတီ)

စစ်အုပ်ချုပ်ရေးသက်တမ်း ၂၂ နှစ်ကာလအတွင်း အကန့်အသတ်မဲ့ ကြီးထွားလာတဲ့ ခရိုနီစီးပွားရေးရဲ့ အကောင်းဆုံးနမူနာကို ပြပါဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ရော သူ့မိသားစုနဲ့ပါ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ အသက် ၄၀ ကျော်အရွယ်၊ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇပိုင်ဆိုတဲ့ “ထူး” ကုမ္ပဏီစုကြီးပဲ ဖြစ်ပါတယ်။

တကယ်တော့ “ထူး” ကုမ္ပဏီစုကြီးဖြစ်မလာခင် ဇနီးသည် ဒေါ်သီတာဇော်ရဲ့ မိသားစုပိုင် “ထူးထရိတ်ဒင်း” ကို ဦးဆောင်ပြီး စစ်အုပ်ချုပ်ရေးခေတ်ဦး ၁၉၈၀ နှောင်းပိုင်းကာလမှာ သစ်လုပ်ငန်း စတင်လုပ်ကိုင်ရင်း စီးပွားရေးနယ်ထဲ ခြေချခဲ့တာပါ။ ဦးတေဇဟာ ဦးသန်းရွှေလို ထိပ်တန်းစစ်ခေါင်းဆောင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို အသုံးချပြီး ကုမ္ပဏီကို ကြီးမားတဲ့ စီးပွားရေးအင်ပါယာကြီးတခုအသွင် ပြောင်းလဲနိုင်ခဲ့ပါတယ်။

သူ့ကို အချိန်တိုတိုအတွင်း အလွန်ကြွယ်ဝတဲ့ သူဌေးကြီးဘ၀ ရောက်ရှိစေခဲ့တာကတော့ စစ်အစိုးရအတွက် လက်နက်ပွဲစားအဖြစ် လုပ်ကိုင်ခဲ့ခြင်းပါပဲ။ တိုက်ခိုက်ရေး ရဟတ်ယာဉ်များနဲ့ ရုရှားလုပ် အဆင့်မြင့်မဟာဗျူဟာ ဂျက်တိုက်လေယာဉ်များ အပါအ၀င်  စစ်အစိုးရအလိုရှိနေတဲ့ စစ်လက်နက်ပစ္စည်းတွေ ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ဦးတေဇဟာ စစ်ဗိုလ်ချုပ်များရဲ့ ယုံကြည်အားထားမှုကို ရယူခဲ့တယ်။

အပြန်အလှန်အားဖြင့် အကျိုးအမြတ် ကြီးကြီးမားမားရရှိမယ့် တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို စစ်အစိုးရက ဦးတေဇကို ရက်ရက်ရောရော ပေးခဲ့ပါတယ်။ အဲဒီလို စစ်အစိုးရနဲ့ နီးကပ်တဲ့ဆက်ဆံရေးကြောင့်ပဲ ဦးတေဇဟာ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ ပစ်မှတ်ထား စီးပွားရေးပိတ်ဆို့အရေးယူမှု စာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုက ဦးတေဇကရဲ့ စီးပွားရေးခြေလှမ်းတွေကို ရပ်တန့်သွားအောင် မစွမ်းနိုင်ခဲ့ပါဘူး။ မကြာသေးခင်က အမေရိကန်က သတင်းစာကြီးတစောင်ဖြစ်တဲ့ The Washington Times မှာ ရေးသားဖော်ပြခဲ့တဲ့ Burma’s first billionaire no military bagman ဆိုတဲ့ ဆောင်းပါးအတွက် Stanley Weiss ဟာ မြန်မာပြည်ကိုသွားရောက်ပြီး ဦးတေဇနဲ့ တွေ့ဆုံခဲ့ပါတယ်။ Stanley Weiss ဟာ ၀ါရှင်တန်အခြေစိုက် သြဇာကြီးမားတဲ့၊ အစိုးရနဲ့မပတ်သက်တဲ့ Business Executives for National Security အဖွဲ့အစည်းကြီးကို တည်ထောင်သူ ဥက္ကဋ္ဌတဦးဖြစ်ပါတယ်။

အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုကို မမှုခဲ့တဲ့ ဦးတေဇက Stanley Weiss ကို စီးပွားရေးပိတ်ဆို့မှုတွေက မြန်မာနိုင်ငံက  “လူချမ်းသာတွေကို မထိခိုက် သလောက်ပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။ တကယ်လည်း သူ့ရဲ့ပြောဆိုချက် မှန်ကန်ကြောင်း သက်သေပြနေတာကတော့ တနေ့တခြား ကြီးထွားလာနေတဲ့ “ထူး” ကုမ္ပဏီစုကြီးပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ လူချမ်းသာ အထက်တန်းလွှာတွေသာ နေနိုင်တဲ့ အင်းလျာလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းထောင့်က ကြီးမားကျယ်ဝန်းပြီး အီတလီနိုင်ငံလုပ် ပရိဘောဂပစ္စည်းတွေအပါအ၀င် အနောက်တိုင်းက အဖိုးတန်းပစ္စည်းတွေနဲ့ တန်ဆာဆင်ထားတဲ့ စံအိမ်ကြီးမှာ လောကစည်းစိမ်းအပြည့်နဲ့ ဦးတေဇ နေထိုင်ပါတယ်။ ဒါ့အပြင် ဦးတေဇဟာ အလွန်ဆိုးရွားပြီး ချိုင့်ခွက်ခလုတ်ခသင်းတွေနဲ့ ပြည့်နှက်နေတဲ့ ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ မောင်းနှင်ဖို့ မသင့်လျော်တဲ့၊ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး Lamborghini, Bentley, Ferrari, Mercedes, Lexus စတဲ့ကားတွေကိုလည်း ခြံဝန်းထဲက ကားဂိုဒေါင်မှာ အစီအရီ ခင်းကျင်းထားပါသေးတယ်။

စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ်အလွန် မြန်မာနိုင်ငံရဲ့ ပထမဆုံး (အမေရိကန်ဒေါ်လာ) ဘီလီယံနဲ့ချီ ကြွယ်ဝတဲ့ သူဌေးကြီးဘွဲ့ ခံယူဖို့  ဦးတေဇတယောက် စိတ်အားထက်သန်နေသလို နိုင်ငံတကာ စီးပွားရေးအသိုင်းအ၀န်းမှာ သူပိုင်ဆိုင်တဲ့ “ထူး” ကုမ္ပဏီစုကြီးရဲ့ ပုံရိပ်ကိုလည်း အကောင်းဖက်ပြောင်းသွားအောင် စိတ်အားထက်သန်စွာ ကြိုးပမ်းနေပါတယ်။

သတင်းဌာနတွေနဲ့ ဝေးဝေးရှောင်နေတတ်သူဖြစ်တဲ့ ဦးတေဇဟာ မကြာသေးခင်က အီတလီနိုင်ငံ ရောမအခြေစိုက် La Repubblica သတင်းစာကြီးရဲ့ သတင်းထောက် Raimondo Bultrini ကို သူ့ရဲ့နေအိမ်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဦးတေဇက “နိုင်ငံခြား သတင်းထောက် တယောက် တွေ့ဆုံတာ ကျနော့်အတွက် ဒါဟာ ပထမဆုံးပါပဲ။ ခင်ဗျားကို လက်ခံစကားပြောရတဲ့ အဓိကအကြောင်းရင်းက ကျနော်ဟာ မြန်မာနိုင်ငံမှာ အချမ်းသာဆုံးလူတယောက် ဖြစ်တယ်ဆိုတာကို လူတွေသိအောင် တခါတည်းပြောလိုက်ချင်လို့ပါပဲ” လို့ ပြောခဲ့တယ်။

သူပြောသလို ဘယ်လောက် ချမ်းသာတယ်ဆိုတာ သက်သေပြတဲ့အနေနဲ့ ဦးတေဇဟာ Bultrini ကို တပုလင်း ဒေါ်လာ တသောင်းတန်တဲ့ ၀ိုင်အရက်အကောင်းစားနဲ့ ဘီလီယံနာသူဌေးကြီးတယောက်လို ဧည်ခံခဲ့တာကို အီတလီ သတင်းထောက်က ဘီဘီစီ မြန်မာပိုင်းအစီအစဉ်နဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြန်ပြောပြခဲ့ပါတယ်။ ကမ္ဘာအဆင်းရဲဆုံး နိုင်ငံတခုက အချမ်းသာဆုံး သူဌေးတယောက်ရဲ့ ရက်ရောတဲ့နေထိုင်မှုပုံစံကို အဲဒီသတင်းထောက် တအံ့တသြဖြစ်ခဲ့မှာ သေချာပါတယ်။

တွေ့ဆုံမေးမြန်းခန်းအတွင်း စီးပွားရေးလုပ်ငန်းတွေကနေ တနှစ်ကို ဒေါ်လာ သန်းပေါင်း ၅၀၀ ၀င်ငွေရရှိကြောင်း ပြောဆိုခဲ့တဲ့ ဦးတေဇရဲ့ “ထူး” ကုမ္ပဏီစုကြီးဟာ ကျောက်စိမ်းနဲ့ ရွှေတူးဖော်ရေးလုပ်ငန်းများ၊ ကျွန်းသစ်နဲ့ သစ်အခြေခံ လုပ်ငန်းများ၊ ဟိုတယ်နဲ့ အပန်းဖြေစခန်းများ၊ မြန်မာနိုင်ငံရဲ့ ပထမဆုံး ၁၀၀ ရာခိုင်နှုန်း ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း၊ သယ်ယူပို့ဆောင်ရေးနဲ့ အကြီးစား စက်ယန္တယား ငှားရမ်းတဲ့လုပ်ငန်းများ၊ ဓာတ်ဆီနဲ့ ဒီဇယ်အရောင်းဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဘော်လုံးကလပ်တခုနဲ့ FM ရေဒီယိုအသံလွှင်ဌာန တခုတို့မှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နေကြောင်း ဧရာဝတီက ရရှိခဲ့တဲ့ ကုမ္ပဏီရဲ့လုပ်ငန်းများ ဖွဲ့စည်းပုံ အထောက်အထားတခုမှာ ဖော်ပြထားပါတယ်။

“ထူး” ကုမ္ပဏီစုကြီးရဲ့ နောက်ဆုံးရင်းနှီးမြှုပ်နှံမှုတခုကတော့ Asia Green Development Bank ကိုထူထောင်ပြီး ဘဏ်လုပ်ငန်းနယ်ပယ်ထဲကို ခြေလှမ်းစလှမ်းလိုက်တာပါပဲ။ အဲဒီဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး အွန်လိုင်းဝန်ဆောင်မှုကို ပေးနိုင်ဖို့ မျှော်လင့်နေကြောင်းလည်း သိရတယ်။

ဒါပေမယ့် အဲဒီအထောက်အထားမှာ ဖော်ပြမထားတဲ့ “ထူး” ကုမ္ပဏီစုကြီးရဲ့ တခြားရင်းနှီးမြှုပ်နှံမှုတွေလည်း ရှိပါသေးတယ်။ တနေတခြား ကြီးထွားလာတဲ့ ပြည်တွင်း လက်ကိုင်ဖုန်းဈေးကွက်ကို အစိုးရနဲ့ပူးပေါင်းပြီး ထိန်းချုပ်ထားသလို ဆက်သွယ်ရေး နည်းပညာနယ်ပယ်မှာလည်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့အနီး အသစ်တည်ဆောက်ထားတဲ့ ရတနာပုံ ဆိုက်ဘာစီးတီးမှာ အဓိက ရင်းနှီးမြှုပ်နှံမှုတွေလည်း လုပ်ထားပါတယ်။ ဒါ့အပြင် စွမ်းအင်းဈေးကွက်မှာလည်း ပြည်ပမှ ဓာတ်ဆီနဲ့ ဒီဇယ်ဆီကို အဓိက တင်သွင်းဖြန့်ဖြူးနေသလို ရေကာတာတွေတည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများမှာလည်း ရင်နှီးမြှုပ်နှံထားပါတယ်။

စီးပွားရေနယ်ပယ် အများအပြားမှာ ရင်နှီးမြှုပ်နှံထားတဲ့ “ထူး” ကုမ္ပဏီစုကြီးရဲ့ အဓိက အမြတ်အစွန်းကြီးတဲ့ လုပ်ငန်းတခုက ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းဖြစ်ပြီး ၂၀၀၇ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်အကြား တန်ချိန် ၃၀၀၀ ကျော် တူးဖော်ခဲ့ပါတယ်။ ဒီနှစ်အစောပိုင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာ ရောင်းချပွဲကနေ ဒေါ်လာ သန်း ၂ ဘီလီယံကျော်အထိ ရောင်းချခဲ့ရတာကိုကြည့်ရင် “ထူး” ကုမ္ပဏီစုကြီးလည်း ကျောက်စိမ်းတူးဖော်ရေးကနေ ဘယ်လောက်အကျိုးအမြတ် ကြီးကြီးမားမားရခဲ့သလဲ ဆိုတာ ခန့်မှန်းတွက်ဆကြည့်နိုင်ပါတယ်။

“ထူး” ကုမ္ပဏီစုကြီးဟာ နိုင်ငံအနှံ့မှာလည်း ရွှေ တူးဖော်ရေးလုပ်ကိုင်နေပါတယ်။ စစ်အစိုးရလက်ထက်အတွင်း ရွှေတူးဖော်ခွင့် လိုင်စင်တွေကို မန္တလေးတိုင်းအတွင်းရှိ စဥ့်ကူမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင် ကလောမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိန်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဗန်းမောက်မြို့နယ်နဲ့ မွန်ပြည်နယ် သိမ်ဇရပ်မြို့နယ်တို့မှာ ရွှေ တူးဖော် နေပါတယ်။ ဒါ့အပြင် ချင်းတွင်းမြစ်နဲ့ ဥရုချောင်းတို့မှာလည်း ရွှေတူးဖော်နေပါတယ်။

ဦးတေဇကို စစ်အစိုးရရဲ့ လက်နက်ကုန်သည် ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိကလေယာဉ်လိုင်း ပိုင်ရှင် ဒါမှမဟုတ် မကြာသေးခင်က ထူထောင်ခဲ့တဲ့ ပုဂ္ဂလိကဘဏ်တခုရဲ့ ဘဏ်လုပ်ငန်းရှင် စသဖြင့် လူသိများကြပေမယ့် သူဟာ လယ်မြေဧက သိန်းချီ ပိုင်ဆိုင်တဲ့ လယ်ပိုင်ရှင်ကြီးတဦးဆိုတာကို လူတွေမျက်စိမှောက်နေကြပါသေးတယ်။

“ထူး” ကုမ္ပဏီစုကြီးရဲ့ အစောပိုင်း ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ တနင်္သာရီတိုင်းဒေသကြီးက ဆီအုန်းခြံတွေလည်း ပါပါတယ်။ အခုဆိုရင် မြိတ်မြို့နယ်အတွင်းရှိ ကုမ္ပဏီပိုင် ဆီအုန်းစိုက်ခင်း ဧက ၃ သိန်း ၃ သောင်း ရှိနေပါပြီ။ အဲ့ဒီ ဆီအုန်းစိုက်ခင်းတွေအတွက် ကော်စတာရီကာ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံက ဆီအုန်းမျိုးတွေ မှာယူတင်သွင်းခဲ့ပါတယ်။ အဲ့ဒါအပြင် စီးပွားဖြစ် သီးနှံအမျိုးမျိုးဖြစ်တဲ့ နှမ်းကအစ သရက်နဲ့ ၀ါဂွမ်း အလယ် ဇီဝလောင်စာထုတ်လုပ်နိုင်တဲ့ ကြက်ဆူပင်အဆုံး ရင်နှီးစိုက်ပျိုး လုပ်ကိုင်ပါသေးတယ်။ ဈေးကောင်းရတဲ့ မြန်မာ့ သနပ်ခါးစိုက်ပျိုးရေးမှာလည်း “ထူး” ကုမ္ပဏီစုကြီးနဲ့ မကင်းပါဘူး။

၂၀၀၀ ခုနှစ်များရဲ့ ပထမ ၅ နှစ်အတွင်းမှာ ဦးတေဇဟာ သူပိုင် ဟိုတယ်တွေနဲ့ အပန်းဖြေစခန်းတွေမှာ လိုအပ်တဲ့ သစ်သီးဈေးကွက်အတွက် သစ်သီးခြံများကိုလည်း ပိုင်ဆိုင်ရင်းနှီးမြှုပ်နှံခဲ့ပါသေးတယ်။ ရှမ်းပြည်နယ်တောင်ပိုင်က အင်းတော တိုက်နယ်အတွင်း သရက်နဲ့ လိုင်ချီးခြံ ဧက ၈၀၀၀ ကျော် ပိုင်ဆိုသလို ပြင်ဦးလွင်နဲ့ ရန်ကုန်မြို့တွေမှာ ထိုင်းနဲ့ မက္ကစီကိုနိုင်ငံတို့က မျိုးစေ့မှာယူ စိုက်ပျိုးခဲ့တဲ့ လိမ္မော်သီးနှင့် နဂါးမောက်သီးခြံတွေလည်း ပိုင်ဆိုင်ပါတယ်။

အဲပုဂံ လေကြောင်းလိုင်းအပြင် ဟိုတယ်နဲ့ အပန်းဖြေစခန်းတွေပါ ပိုင်ဆိုင်ထားတဲ့ “ထူး” ကုမ္ပဏီစုကြီးအတွက် မြန်မာပြည်တွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ ထူးခြားပြည့်စုံနေပါတယ်။ လောလောဆယ် မြန်မာပြည်အနှံ့ အဓိကမြို့ကြီး ၁၈ မြို့ကို အဲပုဂံလေကြောင်းလိုင်းက ပြေးဆွဲနေပြီး ပုဂံ၊ ငပလီ၊ ငွေဆောင်၊ ပြင်ဦးလွင်၊ နေပြည်တော်၊ အင်းလေး၊ ပူတာအို၊ ပုသိမ်၊ ပုပ္ပားနဲ့ ရန်ကုန်မြို့တွေမှာ “ထူး” ကုမ္ပဏီစုကြီးပိုင် Aureum Palace ဟိုတယ်နဲ့ အပန်းဖြေစခန်းများနဲ့ Myanmar Treasure Resort အပန်းဖြေစခန်းများ ဖွင့်လှစ်ထားပါတယ်။ တနေ့ကို တဒေါ်လာအောက်သာ ၀င်ငွေရှိပြီး ဆင်းရဲတဲ့ပြည်သူ သန်းနဲ့ချီ နေထိုင်တဲ့ မြန်မာနိုင်ငံက ဒီလိုတန်ဖိုးကြီးမားတဲ့ အထက်တန်းကျကျ တန်ဆာဆင်ထားတဲ့ ဟိုတယ်အိပ်ခန်းတွေမှာ တညတာ တည်းခိုဖို့ ဒေါ်လာ ၈၀၀ ကနေ ၁၂၀၀ အကြားပေးရပါတယ်။

စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်နေတဲ့ “ထူး” ကုမ္ပဏီစုကြီးရဲ့ အစောဆုံးလုပ်ငန်းတခုက ဆောက်လုပ်ရေး စက်ယန္တယားကြီးတွေ ငှားရမ်းတဲ့လုပ်ငန်းနဲ့ ၀န်ကြီးတဲ့လုပ်ငန်းသုံးပစ္စည်းတွေ သယ်ယူပိုဆောင်ရေးဖြစ်ပြီး ၁၉၉၂ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပါတယ်။ အခုဆိုရင် အဲဒီလုပ်ငန်းတခုတည်းက ကုန်တင်ယာဉ်အစီး ၄၀၀၊ ၀န်ချီစက် ၃၃ စီး၊ ရေကြောင်းက သယ်ယူ ပို့ဆောင်နိုင်တဲ့ ဆွဲသင်္ဘော ၈ တွဲနဲ့ ကုန်တင်ရေယာဉ်တချို့ ပိုင်ဆိုင်ထားပါတယ်။ အဲဒီလုပ်ငန်းမှာ အဓိကအားဖြင့် အစိုးရရဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း လက်အောက်က စက်ရုံတွေအတွက် ပစ္စည်းသယ်ယူပို့ဆောင်ရေး ကန်ထရိုက် ရရှိထားပါတယ်။

ဒီလို စီးပွားရေးအင်ပါယာကြီး တည်ဆောက်တဲ့နေရာမှာ ဦးတေဇဟာ အိမ်ခြံမြေဈေးကွက်က အခွင့်အလမ်းတွေကိုလည်း လက်လွှတ်မခံပါဘူး။ “ထူး” ကုမ္ပဏီစုကြီးဟာ ရန်ကုန်မြို့က မင်းဓမ္မ အိမ်ယာစီမံကိန်း၊ Palm Court Villa အဆင့်မြင့် လုံးချင်း အိမ်ယာ စီမံကိန်းတွေနဲ့ မြို့ရဲ့အချက်အခြာကျတဲ့နေရာတွေမှာ ကွန်ဒိုမီနီယံတွေ ဆောက်လုပ် နေပါသေးတယ်။ မင်းဓမ္မအိမ်ယာ စီမံကိန်းမှာ အခန်းပေါင်း ၁၅၀ ပါတဲ့ ကွန်ဒိုမီနီယံ ၃ လုံးနဲ့ အဆင့်မြင့်ပရိဘောဂတွေနဲ့ အသင့်နေနိုင်တဲ့ လုံးချင်းအိမ်ယာ ၄၆ လုံးအပြင် Palm Court Villa မှာ ၁၄ လုံး ဆောက်လုပ်ခဲ့ပါတယ်။

ခြုံကြည့်မယ်ဆိုရင် မြန်မာ့စီးပွားရေးမှာ ဦးတေဇလို ခရိုနီစီးပွားရေးသမားတွေရဲ့ ကျယ်ပြန့်တဲ့ စီးပွားရေးအခန်းကဏ္ဍတခုကို ကြည့်ခြင်းဖြင့် စစ်အစိုးရဟာ သူတို့အာဏာခိုင်မြဲရေးအတွက် ဆယ်စုနှစ် ၂ ခုအကြား ခရိုနီစီးပွားရေးကို မဟာဗျူဟာချမှတ်ပြီး အကောင်အထည် ဖော်ခဲ့တာပါ။ စစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေးကောင်းတဲ့ လက်တဆုပ်စာ စီးပွားရေးသမားတွေကို တိုင်းပြည်ရဲ့ စီးပွားရေးတခုလုံးကို လွှမ်းမိုးခွင့်ပြုထားခြင်းဖြင့် တဘက်မှာ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ခုခံနိုင် စွမ်းရရှိစေခဲ့ပြီး အရပ်ဘက်အသွင် အစိုးရသစ်ကို အာဏာလွှဲပြောင်းပြီး နောက်ပိုင်းမှာလည်း ခရိုနီစီးပွားရေးဟာ တိုင်းပြည်ကို ဆက်လက်လွှမ်းမိုးထား ပါလိမ့်မယ်။

ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူးတွေ လွှဲပေးတာနဲ့အတူ ဦးတေဇရဲ့ အရှိန်သြဇာလည်း ကျဆင်းလာနိုင်သလို  သူ့ရဲ့နေရာမှာ တခြားခရိုနီစီးပွားရေးသမားတွေဖြစ်တဲ့ မက်စ်မြန်မာ ကုမ္ပဏီစုကြီးပိုင်ရှင် ဦးဇော်ဇော်၊ အေးရှားဝေါ ကုမ္ပဏီပိုင်ရှင် စတီဗင်လော (ခေါ်) ဦးထွန်းမြင့်နိုင်၊ International Group of Entrepreneurs (IGE) ကုမ္ပဏီပိုင်ရှင် ဦးနေအောင်တို့ ရှေ့တန်းရောက်လာနိုင်တယ်လို့ စီးပွားရေးအသိုင်းအ၀န်းက တွက်ဆမှုတွေလည်း ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရသစ်ဟာ တိုင်းပြည်စီးပွားရေးကို မြှင့်တင်ဖို့အတွက် ခရိုနီစီးပွားရေးအပေါ် အကြီးအကျယ် မှီခိုရပါလိမ့်မယ်။ အဲဒီလို အခြေအနေအရ မြန်မာစီးပွားရေးကို လာမယ့်ကာလတွေမှာ လူတိုင်းတန်းတူ အခွင့်အရေးရပြီး လုပ်ကိုင်နိုင်တဲ့ အခြေအနေတခုဖြစ်လာအောင် ဖန်တီးပေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်စွမ်းရှိဖို့ စီးပွားရေးကို အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့ဆိုတာလည်း အခွင်အလမ်း နည်းပါလှပါတယ်။

 

ထက်အောင် Monday, 11 July 2011 17:40

http://www.irrawaddy.org/bur/index.php/articles/2-articles/6823-2011-07-11-10-44-37

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: