ခွင့်လွှတ်တယ်၊ မေ့ပစ်ဖို့တော့မဟုတ်ဘူး


အဆုံးမရှိလို့တွေးခဲ့တဲ့ ပူဆွေးဝမ်းနည်းမှုတွေကိုခံစား
သေခြင်းတရားနဲ့ ညကာလထက် မှောင်မိုက်တဲ့ အမှားတွေကို ခွင့်လွှတ်
ထာဝရ တည်မြဲမယ်ထင်ရတဲ့ အာဏာကို ဖီဆန်ရင်း
ဘယ်တော့မှ မပြောင်းလဲ၊ မပြိုလဲ၊ နောင်တမရတတ်တဲ့ မျှော်လင့်ချက်က
သူဟိုးအရင်ထဲက တွေးမျှော်ထားတဲ့အရာကို
သူ့ရဲ့ အပျက်အစီးပုံထဲကနေပဲ ဖန်တီးလာနိုင်တဲ့အထိ
ချစ်ခင်၊ သည်းခံ၊ မျှော်လင့်ရဲ့
အိုး၊ အသင် တိုက်တန်၊
ဤမျှော်လင့်ချက်သည်လည်း
ဂုဏ်သရေရှိသော အသင်နှင့် အလားတူပင်
ကောင်းမြတ်၊ ကြီးကျယ်၊ ပျော်ရွှင်၊ လှပ၊ လွတ်မြောက်ပေပြီ။
ဤမျော်လင့်ချက်သည်သာ ဘ၀၊ ပျော်ရွှင်မှု၊ အင်ပါယာ၊ အောင်ပွဲ . . .။

”ပီဘီရှယ်လီ၏ ပရိုမီးသီးယပ်စ် နှောင်တည်းမှ လွတ်မြောက်ခြင်း ကဗျာရှည်မှ”

ညည့်နက်သန်းခေါင်ကျော်သည်အထိနေပြီး ဘယ်တော့မှ အစောကြီးမနိုးတတ်သော ကျွန်တော် ထိုနေ့က အစောကြီးနိုးနေပါသည်။ ရှယ်လီပြောခဲ့သော ဘယ်တော့မှ မပြောင်းလဲ၊ မပြိုလဲ၊ နောင်တမရတတ် တဲ့ မျှော်လင့်ချက်က ကျွန်တော့ကို နိုးကြားစေခဲ့သည်ဟု ထင်သည်။ အနောက်တိုင်းအယူအဆအရ ကံမကောင်းတတ်သော ၁၃ ရက်၊ သောကြာနေသည့် မြန်မာနိုင်ငံအတွက်တော့ ကံကြမ္မာကောင်းများ ကို ဆောင်ကြဉ်းလာမည့်နေ့ ဖြစ်လာခဲ့ပြီလားမသိ။

နိုင်ငံရေးအကျဉ်းသား ဆိုသော စကားလုံးထက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ (prisoners of conscience) ဟု နှစ်ဖက်အဆင်ပြေအောင် သုံးကြသည်။ ယုံကြည်ချက်ကြောင့်ဟု သုံးလျှင် အပြင်ကလူတွေက ယုံကြည်ချက်မရှိသလိုများ ဖြစ်နေသလားဟု တွေးမိသည်။ ဟုတ်လည်း ဟုတ်နိုင်ပါသည်။ သို့တည်းမဟုတ် ယုံကြည်ချက်ပြင်းထန်သောကြောင့် အကျဉ်းကျခံနေရသူများဟု သုံးရလျှင် ပိုကောင်းမည်ထင်သည်။ ကျွန်တော်ကတော့ မျှော်လင့်ချက်ကြောင့် အကျဉ်းကျခံနေရသူများဟု သုံးချင်ပါသည်။

ရှယ်လီပြောသော ဘယ်တော့မှ မပြောင်းလဲ၊ မပြိုလဲ၊ နောင်တမရတဲ့ မျှော်လင့်ချက်ကြောင့် . . .

အမှန်အတိုင်းပြောရလျှင် သမ္မတကြီးနှင့် တစ်မြို့တည်းသား ဖြစ်ရခြင်းအတွက် အမှန်တကယ် ၀မ်းမြောက်ဝမ်းသာရှိမိခြင်း ဖြစ်ပါသည်။ တွေ့ဆုံညှိနှိုင်းမှုများအတွက် ကောင်မလေး  (The Girl ) ကို လည်း ကျေးဇူးတင်မိပါသည်။ (The Lady ဟု နိုင်ငံတကာက သုံးကြသော်လည်း ကျွန်တော့်၏  တစ်ယောက်သောသူက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်စနိုးနှင့် The Girl ဟု ရည်ညွှန်းလေ့ရှိပါသည်။ အဂါရ၀ဖြစ်နေသော်လည်း ပိုပြီး နုသွားစေသည်ဟုထင်သောကြောင့် ကျွန်တော်လည်း အဲဒီလိုပဲ ရည်ညွှန်းလိုပါသည်။ သူ့ကို ကျွန်တော် ထာဝရ နုပျိုစေလိုပါသည်။)

တိုင်းပြည်အနာဂတ်အတွက် ရဲရင့်သော ခြေလှမ်းအဖြစ် သမိုင်းမှတ်တမ်းဝင်နိုင်ပြီဟု ထင်မိသည်။

ချိုးငှက်နဲ့ သံလွင်ရွက်

သမ္မာကျမ်း၊ ဓမ္မဟောင်းထဲက ချိုးငှက်နှင့် သံလွင်ရွက်အကြောင်းကို နိမိတ်ပုံအဖြစ် တွေးမိသည်။ (သံလွင်ခက်မှာဂရိနှင့် ရောမတို့နှင့်ပတ်သက်ပြီးမှ ပါလာခြင်းဖြစ်ပါသည်။ ဓမ္မဟောင်းမှာက သံလွင်ရွက်ပဲဖြစ်သည်)။
ကမ္ဘာကို ဘုရားသခင်က ရေလွှမ်းစေချိန်မှာ ယုံကြည်သူ နောဧက မိသားစုများ၊ တိရစ္ဆာန် အထီး အမ အစုံစုံတို့ကို လှေကြီးနှင့်တင်ပြီး လွတ်မြောက်သွားသည့်အကြောင်း ဖြစ်သည်။ ကုန်းမြေ ပေါ်၊မပေါ် သိလိုသောကြောင့် ပထမတစ်ကြိမ်တွင် ကျီးအတစ်ကောင်ကို လွှတ်၏။ ဒုတိယတစ်ခါတွင်မူ ချိုးကိုလွှတ်၏။ ခြေချစရာမြေမရှိသောကြောင့် ချိုးသည်လှေသို့သာ ပြန်လာ၏။ တတိယတစ်ခါတွင် ချိုးကိုလွှတ်ပြန်သောအခါတွင်မူ သံလွင်ရွက်ကိုကိုက်လျက် ချိုးသည်ပြန်လာခဲ့သောကြောင့် ကုန်းမြေပေါ်မှအပင်တို့ ပေါက်ရောက်ကာ ရေကျပြီကို နောဧ သိခွင့်ရလေသည်။ စတုတ္ထအကြိမ် ချိုးကို လွှတ်သောအခါတွင်ကား  သတ္တ၀ါတို့ရှင်သန်ကျက်စားနိုင်သော အနေအထားကို ရောက်ပြီဖြစ်သောကြောင့် ချိုးသည်ပြန်မလာတော့။ နောဧတို့သည်လည်း မြေပေါ်ပြန်လည် ခြေချနိုင်ခဲ့သည်။

နောဧအတွက် စတုတ္ထအကြိမ်မြောက် ချိုးငှက်လွှတ်ခြင်းဟာ ကမ္ဘာမြေ ပြန်လည်ရှင်သန်မှုရဲ့ သတင်းစကားဖြစ်ခဲ့သလို စတုတ္ထအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် သည်လည်း မြန်မာပြည် ပြန်လည်နိုးထမှုရဲ့သတင်းစကားဟု တွေးမိသည်။ ငြိမ်းချမ်းရေး၏ သင်္ကေတ၊ ငြိမ်းချမ်းရေး၏ နိမိတ်ပုံကိုလည်း ဖော်ကျူးပေးနိုင်ခဲ့သည်ဟု ထင်သည်။

ပရိုမီးသီးယပ်စ် လွတ်မြောက်ခြင်း

လွတ်မြောက်မှုအကြောင်း၊ အနှောင်အဖွဲ့မှ လွတ်မြောက်မှုအကြောင်း တွေးမိတော့ ခေါင်းထဲပေါ်လာတာက ပရိုမီးသီးယပ်စ် ဖြစ်သည်။ ပရိုမီးသီးယပ်စ်သည် တိုက်တန်ဟုခေါ်သော ဂိုင်ယာနှင့်ယူရေးနပ်စ်တို့မှ ဆင်းသက်သည့် ဂရိနတ်ဘုရားများထဲမှ တစ်ဦးဖြစ်သည်။ လူသားတို့ မီးကို အသုံးချတတ်အောင် ဆောင်ကြဉ်းပေးခဲ့သောကြောင့် ဇုစ်နတ်မင်းကြီး၏ အကျဉ်းချခံရသူဖြစ်သည်။ ဂရိမှစာဆိုကြီး အက်ဆီးခီးလပ်စ်က ပရိုမီးသီးယပ်စ်အကြောင်း ပြဇာတ်သုံးပုဒ်ဖွဲ့ခဲ့ဖူးသည်ဟု ဆိုသည်။

ပရိုမီးသီးယပ်စ်လွတ်မြောက်မှုကို ကျွန်တော်တို့ဆီမှာလည်း တစ်ခေတ်တစ်ခါက အလွန်ကြိုက်ခဲ့ကြသည့် ဗြိတိသျှကဗျာဆရာ ပီဘီရှယ်လီ(၁၇၉၂-၁၈၂၂) က သူ့ခံစားချက်အတိုင်း ကဗျာဆရာတစ်ယောက်၏ လွတ်လပ်မှုမျိုးဖြင့် ပြန်ဖွဲ့ခဲ့သည်။ ဒီကဗျာရှည်အကြောင်းကို ကြားဖူးခဲ့သည်။ အဲဒီနေ့ကမှ ပြန်ရှာဖတ်ရသည်။ နားလည်သလို ချရေးကြည့်မိသည်။ (ကဗျာဥာဏ်နည်းလှသောကြောင့် အာဘော်ကို ငုံမိနိုင်ရေးပင် မနည်းကြိုးစားရသည်) ပရိုမီးသီးယပ်စ်လွတ်မြောက်မှုနှင့်အတူ မျှော်လင့်ချက်သည်လည်း လွတ်မြောက်လာခဲ့ပြီ။

ဘယ်တော့မှ မပြောင်းလဲ၊ မပြိုလဲ၊နောင်တမရတဲ့ မျှော်လင့်ချက်တွေအကြောင်းနဲ့အတူ ရင်ထဲရောက်လာတာက ခွင့်လွှတ်ဖို့။

ခွင့်လွှတ်တယ်ဆိုတာ မေ့ပစ်ဖို့တော့ မဟုတ်ဘူး

တစ်ခါတရံကျတော့ လောကကြီးက ရယ်စရာ တော်တော်ကောင်းသည်။ လွတ်မြောက်စေလိုသူတွေနည်းတူ သူတို့ကို နှောင်တည်းခဲ့ကြရာမှာ အဓိကနေရာက ပါခဲ့သူတွေလည်း အတူတူ နှောင်တည်းခံခဲ့ရသည်။ အခုတော့ အနှောင်အဖွဲ့မှ တစ်ပြိုင်နက် လွတ်လာခွင့်ကြုံရပြန်သည်။

ဒီလူတွေနဲ့ပတ်သက်လာရင်တော့ မဟတ္တမဂန္ဓီ၏ စကားက အမှတ်ရစရာ။ ”ခွင့်လွှတ်ဖို့ဆိုတာ မေ့ပစ်ဖို့တော့မဟုတ်ဘူး”။ ကျွန်တော်တို့သည် အနာဂတ်အတွက် ခွင့်လွှတ်နိုင်ဖို့ ကြိုးစားရမည်ထင်သည်။ သင်ပုန်းချေကြဖို့တော့ လိုမည်ထင်သည်။ သို့ပေမယ့် မေ့ပစ်ဖို့တော့ မဟုတ်။ ကျွန်တော်တို့ မေ့များနေမိကြလေသလား။

ဒီအကြောင်းကို ပြောမိတော့ ဘိုးတော်ဟုခေါ်ကြသော ကျွန်တော်တို့ဆရာက အတိတ်ကို ပြန်ပြောပြသည်။ Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်ဆိုသောဘ၀နှင့် Eleven ဂျာနယ်များ၏သမိုင်းမှာ မေ့ပစ်နိုင်မှာမဟုတ်တဲ့ နေ့တစ်နေ့အကြောင်း အဖြစ်သည်။ Eleven ကို ကျွန်တော် မရောက်သေးသောအချိန်က ဖြစ်သည်။

၂၀၀၃ ဇူလိုင် ၁၇ ။

သူဘယ်တော့မှ မမေ့တဲ့နေ့။ Eleven မှာလုပ်ခဲ့ကြတဲ့ ကျွန်တော့် နောင်တော်၊ အမတော်များလည်း မမေ့တဲ့နေ့။ ဇာတ်ကွက်ဆင် ခံခဲ့ရသည်။ ဘယ်သူမှ ဘာမှန်းမသိသော ဇာတ်ကွက်တစ်ခုမှာ မဟုတ်ပါဘဲ လျက် ကောက်ထည့်ခံခဲ့ရသော ဓားစာခံ တွေ ဖြစ်ခဲ့ရသည်။ အဲဒီတုန်းက နယ်မှာနေသည့် ကျွန်တော်သိတာတစ်ခုပဲရှိသည်။ ကျွန်တော်စိတ်ဝင်စားသော ဘောလုံးပွဲတွေနဲ့ကျွန်တော်ချစ်သော မြန်မာအသင်း အကြောင်းတွေ ဖတ်ခွင့်မရတော့တာပဲဖြစ်သည်။ အဲဒီအပတ်က First Eleven ကျွန်တော်တို့နယ်ကို ရောက်မလာ။(ရန်ကုန်မှာတော့ တွေ့လိုက်ရသည်ဟု ပြန်လာသူတစ်ချို့ကပြောသည်) နောက်တစ်ပတ်ကျတော့လည်း ထွက်မလာ။ နယ်မှာက သတင်းတွေ အမျိုးမျိုးကြားရသည်။ မိုက်ကယ်အိုဝင် အဖုံးနဲ့ဂျာနယ်လေး ပြန်ရှာသိမ်းထားမိသည်။

အမှန်တရားကို ကံကြမ္မာကောင်းက ဖေးမခဲ့သည်။ သို့ကြောင့်သာ ဒီကနေ့ Eleven သည် စတုတ္ထမဏ္ဍိုင်ဆိုသော စကားကို ကျယ်ကျယ်လောင်လောင် ပြောနိုင်ခြင်းဖြစ်သည်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဂန္ဓီကြီးပြောခဲ့သလိုပဲ သဘောထားကို ဆရာခံယူထားသည်။

”အားလုံးကို ခွင့်လွှတ်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ မေ့ပစ်မှာ မဟုတ်ဘူး” ဟု။

ခွင့်လွှတ်တယ်ဆိုတာသည် အမှားတွေကို ထပ်တလဲလဲကျူးလွန်ဖို့တော့ မဟုတ်တာကို သူ သေချာစေချင်သည်။ မှားတဲ့သူတွေသည် သူတို့အမှားအတွက် မ၀န်ခံမချင်း သူတို့ကို ခေါင်းလျိုးဆက်ဆံဖို့ မဖြစ်နိုင်။ သူတို့မျိုးဆက်၏ ဆည်းပူးမှုထဲမှာပါခဲ့သော မဟတ္တမဂန္ဓီ၏ အယူအဆတွေအကြောင်းလည်း ဆရာ ပြန်ပြောပြသည်။

ကိုယ့်အမှား ကိုယ်မ၀န်ခံဘဲနဲ့တော့ နိုင်ငံရေးဇာတ်ခုံမှာ ၀င်ကကြဦးမှာလား။ မျှော်လင့်ချက်အတွက် နှောင်တည်းခံခဲ့ကြသူတွေနဲ့ နှောင်တည်းမှုမှာ အဓိကနေရာက ပါခဲ့ကြသူတွေကို တစ်တန်းတည်း ထားကြတော့မှာလား။ ဆရာ့စကားကို ကျွန်တော်ဆက်တွေးမိသည်။

ဒီထက်ပိုဒုက္ခရောက်ခဲ့ကြတဲ့ဘ၀တွေ၊ ဒီထက်ပိုခံစားခဲ့ရတဲ့ဘ၀တွေ အများကြီး ရှိပါသေးသည်။ တစ်ပုံတစ်ပင် ရှိကြပါသည်။ ကျွန်တော်တို့ သည်းခြေကောင်းကြဖို့တော့လိုသည်။

ဘာပဲဖြစ်ဖြစ် အနာဂတ်အတွက်၊ အနည်းဆုံးတော့ စတုတ္ထမျိုးဆက်အတွက် (၁၉၆၂ က စလို့ ကျွန်တော်တို့ အဘိုးများ၊ အဖေများနဲ့ ကျွန်တော်တို့ဆိုတဲ့ မျိုးဆက်သုံးဆက်ရဲ့အလွန်အတွက်) ရှေ့ရှုပြီး  ဗုဒ္ဓဟောခဲ့သော တရားတော်တစ်ပုဒ်ကို နှလုံးသွင်း ရှေ့ဆက်ကြရမည်ထင်သည်။ ဓမ္မပဒ၊ ယမက၀ဂ်ကာဠယက္ခနီဝတ္ထု စာပိုဒ်ဖြစ်ပါသည်။

”န ဟိ ဝေရေန ဝေရာနိ သမ္မန္တီဓ  ကုဒါစနံ၊ အဝေရေနစ သမ္မန္တိ ဧသ ဓမ္မော သနန္တနော”

”ရန်ကိုရန်ချင်း တုံ့နှင်းခြင်းအားဖြင့် ရန်အပေါင်းတို့သည် မငြိမ်းကုန်။ ရန်ကိုရန်ချင်း မတုံ့နှင်းခြင်းဖြင့်သာ ရန်အပေါင်းတို့သည် ငြိမ်းကုန်၏။ ဤတရားသည်သာ မဖောက်မပြန် မှန်ကန်သော တရားပေတည်း”
အားလုံးကို ခွင့်လွှတ်နိုင်ပါသည်။ အတိတ်ကို ဘယ်တော့မှ ပြန်မသွားလိုတော့။ ဒါပေမယ့် ဆူပူအုံကြွ ခေါင်းဖြတ် လူသတ်၊ ရရင်ရ မရရင်ချ  သမိုင်းအမှားကိုတော့ ကျွန်တော့ညီငယ်၊ ညီမငယ်တွေ၊ သားသမီးတွေ မရွတ်နိုင်အောင်တော့ သမိုင်းစာအုပ်ကို အမှန်ပြန်ရေးရမည်။

သမိုင်းဆိုတာ လူတွေကို မ”အ”အောင် လုပ်ပေးတဲ့အရာ။ သမိုင်းမှားရင်တော့ လူတွေ “အ” သွားလိမ့်မည်။

Written by ဇေ၀င်းနောင်
Friday, 20 January 2012 15:08REF: WEEKLYELEVEN

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: