ဒေါ်အောင်ဆန်းစုကြည်အား ပုသိမ်၊ မြောင်းမြ၌ ပြည်သူများ တစ်ခဲနက်ကြိုဆို


ပုသိမ်မြို့သို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူလူထုကို နှုတ်ဆက်နေစဉ်

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပုသိမ်၊ မြောင်းမြဒေသများသို့ ပါတီစည်းရုံးရေးခရီးစဉ်ကို၂၀၁၂ ခု နှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က သွားရောက်ခဲ့ပါသည်။ အဆိုပါ ပုသိမ်၊ မြောင်းမြပါတီ စည်းရုံးရေးခရီးစဉ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများနှင့် ပြည်သူများက တစ်ခဲနက် ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။

ခရီးစဉ်တွင် ရန်ကုန်မြို့အထွက်မှစ၍ နံနက် ၅ နာရီအချိန်ကတည်းကပင် ရန်ကုန်- ပုသိမ်ကားလမ်းမတစ်လျောက်ရှိ မြို့နယ်ကျေးရွာအချို့တွင် ဒေါ်အောင်ဆန်းစုကြည် ပိုစတာများ၊ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြိုဆိုသော စာတန်းများ ကိုင်ဆောင်၍လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သီချင်းများဖွင့်၍လည်းကောင်း ကြိုဆိုရန် စောင့်ဆိုင်းနေမှုများ ရှိခဲ့သည်။

”ဒီလိုမျိုးအခွင့်အရေးကို အနှစ် ၂၀ ကျော် စောင့်ခဲ့ရတယ်။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်လာမှာဖြစ်လို့ အရမ်းကိုဝမ်းသာတယ်။ ပြီးတော့ ကြိုဆိုထောက်ခံတယ်။ ဒါကြောင့်မို့ မနက် ၅ နာရီကျော်ကျော် လောက်ကတည်းက လာစောင့်နေတာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် စောင့်စားနေသူ ကျောင်းကုန်းမြို့နယ် ပြည်သူတစ်ဦးက ပြောပြခဲ့သည်။ အင်းမစံပြကျေးရွာမှ ဒေသခံတစ်ဦးကလည်း ”နိုင်ငံရဲ့ ဖခင်၊ မိခင်တစ်ယောက်လို သတ်မှတ်ထားတဲ့အတွက် အခုလိုမျိုး စောင့်စားကြိုဆိုနေတာ ဖြစ်ပါတယ်။ အခုလိုမျိုး စောင့်စားကြိုဆိုနေရတာကိုပဲ ၀မ်းသာဂုဏ်ယူနေမိပါတယ်” ဟု ပြောပြခဲ့သည်။

မြောင်းမြမြို့ မီတာ ၄၀၀ အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ဟောပြောမည့် ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ဆိုင်းနေကြစဉ်

 

ထို့အတူ နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ကျောင်းသူကျောင်းသားများကလည်း ကျောင်းရှေ့တွင် စုဝေး၍ ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။ နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ကျောင်းသားတစ်ဦးက ”အမေစုကို မျက်လုံးနဲ့ အပြင်မှာ တစ်ခါမှမမြင်ဖူးပါဘူး။ အခုလို အမေစု ဒီကိုလာတဲ့အချိန်မှာ ကျွန်တော်တို့ကျောင်းတက်တဲ့အချိန်နဲ့ တိုက်ဆိုင်တဲ့အတွက် ဒီလိုထွက်ပြီး ကြိုဆိုခြင်းဖြစ်ပါတယ်။ အမေစုက ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်တဲ့ အတွက် အပြည့်အ၀ထောက်ခံပါတယ်။ ကျွန်တော်တို့ အခုလိုကြိုဆိုနေတာဟာ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့ အစည်းကမှ နှိုးဆော်တိုက်တွန်းခြင်း မရှိဘဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် ကြိုဆိုထောက်ခံခြင်းလည်း ဖြစ်ပါတယ်”ဟု ပြောခဲ့သည်။

ပါတီစည်းရုံးရေးခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်မြို့တွင် ကိုးသိန်းအားကစားကွင်း၌ လည်းကောင်း၊ မြောင်းမြမြို့တွင် မီတာ ၄၀၀ အဝေးပြေး ယာဉ်ရပ်နားစခန်း၌လည်းကောင်း လူထုဟောပြောပွဲပြုလုပ်ခဲ့ပြီး လာရောက်နားထောင်သူ သိန်းနှင့်ချီ၍ ရှိခဲ့ကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က  ပုသိမ် လူထုဟောပြောပွဲတွင် ”ကျွန်မလည်း ဧရာဝတီတိုင်းသူရဲ့သမီးဆိုတော့ ဧရာဝတီတိုင်းသူလို့ ပြောလို့ရပါတယ်။ ပုသိမ်ပြည်သူပြည်သားတွေကို အင်မတန် ကျေးဇူးတင်ပါတယ်။ ပုသိမ်ကို ပြန်မရောက်တာ နှစ် ၂၀ ရှိပါပြီ။ ပုသိမ်ကို လာတာဟာ ကျွန်မတို့ရဲ့ပါတီကို ပြန်လည်တည်ထောင်နေတဲ့ အချိန်မို့လို့ပါ။ ဒီ့အပြင်လည်း အဖွဲ့ချုပ်က လာမယ့်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ အချိန်မှာ ကျွန်မတို့ပါတီ ရွေးကောက်ပွဲအတွက်လည်း စည်းရုံးဖို့ လာတာပါ။ အဲဒါတွေနဲ့ပတ်သက်ပြီး စီကာပတ်ကုံးတော့ မပြောချင်ဘူး။ ရိုးရိုး ပြောချင်တာက ကျွန်မတို့ရဲ့ ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံအားပေးမဲပေးကြပါလို့ တစ်ခွန်းတည်း ပြောချင်ပါတယ်။ ပြည်သူတွေကို အင်မတန် ကျေးဇူးတင်ပါတယ်။ နောက်ပြီး အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မျှမျှတတမှန် မှန်ကန်ကန်ဖြစ်ဖို့ ပြည်သူတွေက ကူညီပေးပါလို့ ကျွန်မမေတ္တာရပ်ခံချင်ပါတယ်”ဟု ပြောကြားခဲ့သည်။

”ကြားဖြတ်ရွေးကောက်ပွဲမှာဆိုရင် နေရာတွေကလည်း မများဘူး။ ၀င်ပြီးတော့ အရွေးခံလို့ ဘာထူးမှာလည်းလို့ တချို့က ပြောပါတယ်။ ဒါပေမယ့် ကျွန်မတို့ကတော့ ဘယ်နေရာကပဲဖြစ်ဖြစ် ရတဲ့နေရာကနေပြီးတော့ ပြည်သူတွေရဲ့အကျိုးကို အထိရောက်ဆုံး လုပ်ချင်တဲ့ဆန္ဒ ရှိပါတယ်။  ဒါကြောင့်မို့ ရှိတဲ့နေရာမှာ ၀င်ပြိုင်တာပါ။ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်သွားတဲ့အခါ ပြည်သူတွေရဲ့ဆန္ဒကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးပါမယ်။ ကျွန်မတို့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်တာဟာ အဓိကအချက် သုံးချက် ရှိပါတယ်။ တရား ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စတာတွေပါ”ဟု ပုသိမ်လူထုဟောပြောပွဲတွင် ပြောကြားခဲ့သည်။

”ကျွန်မတို့ရဲ့လူငယ်တွေကို ပညာတတ်စေချင်တယ်။ အဆင့်မြင့်တဲ့ ပညာ တတ်စေချင်ပါတယ်။ ဒါဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် ဖြစ်ပါတယ်။ နိုင်ငံအတွက် ဘာလုပ်ပေးရမလဲလို့ဆိုရင် ပြည်သူတွေရဲ့အသံကို နားထောင်လိုက်လို့ရှိရင် အဖြေက ရိုးရိုးရှင်းရှင်းလေးပါ။ ပြည် သူတွေက ဆင်းရဲတဲ့ဘ၀ကနေ လွတ်မြောက်ချင်တယ်။ ပညာရေး၊ကျန်းမာရေးဘက်မှာ ပိုပြီးတော့ တိုးတက်စေချင်တယ်လို့ ကြားရပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မြောင်းမြမြို့နယ် လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ”ကျွန်မအခု မြောင်းမြမြို့နယ်ထဲကို ၀င်လာတဲ့အခါမှာ လာတဲ့လမ်းမှာ ပြည်သူတွေ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ မြင်ခဲ့ရပါတယ်။ အထူးသဖြင့် တောင်သူလယ်သမားတွေ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ မြင်ခဲ့ရ ပါတယ်။ အဲတော့ ဒီလိုဆင်းရဲမှုတွေက လွတ်မြောက်ဖို့အတွက် အားလုံးဝိုင်းပြီး ရုန်းရမယ်။ ဒီမှာဆိုလို့ရှိရင် ကျွန်မကို လာနှုတ်ဆက်ဖို့အတွက် အားပေးဖို့အတွက် ဒီလောက်တောင်မှ နေပူပူကြီးထဲ ကြိတ်ကြိတ်တိုးပြီး ပင်ပန်းခံနိုင်ရင် ကျွန်မတို့ နိုင်ငံတိုးတက်ဖို့ဆိုရင် ပိုပြီးပင်ပန်းခံနိုင်ရမှာ ပေါ့။ အားလုံးက တက်ညီလက်ညီ ကြိုးစားမယ်ဆိုရင် မဖြစ်နိုင်တာမရှိပါဘူး။ ပြည်သူတွေကို အကျိုးပြုဖို့အတွက် ၀ိုင်းဝန်းအားပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ ချစ်နေရုံနဲ့ မပြီးသေးဘူး။ မဲပေးဖို့လည်း လိုပါတယ်။ လူငယ်တွေကို အများစုတွေ့ရတယ်။ ဒီခရီးစဉ်မှာ လူငယ်တွေက ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ပဲ။ နိုင်ငံတိုးတက်ဖို့ လုပ်တဲ့အခါမှာ မြောင်းမြက ရှေ့တန်းကနေ ပါဝင်စေချင်တယ်။ အားတွေ ထုတ်ထားစေချင်တယ်။ ဒီမိုကရေစီစနစ်မှာ တကယ်အာဏာရှိတာ ပြည်သူ့ဆီမှာပါ။ ပြည်သူရဲ့ အာဏာ၊ သြဇာလွှမ်းမိုးတဲ့စနစ်ဟာ ဒီမိုကရေစီပါပဲ။ ရှေ့ခရီးသွားတဲ့ အခါမှာတစ်ဦးပေါ်တစ်ဦး နားလည်မှုနဲ့ ခွင့်လွှတ်ရမယ့်အချိန်မှာ ခွင့်လွှတ်၊ ပြုပြင်ပေးရမယ့်အချိန်မှာ ပြုပြင်ပြီးတော့ သွားမယ်ဆိုရင် ဒီနိုင်ငံရဲ့အနာဂတ်အတွက် မျှော်လင့်ချက်တွေ အများကြီးရှိပါတယ်။ ပြည်သူပြည်သားတွေက ကျွန်မတို့ကို ယုံယုံကြည်ကြည်နဲ့ ထောက်ခံပေးကြပါ။ ပြည်သူတွေရဲ့ထောက်ခံမှုမရှိလို့ကတော့ ကျွန်မတို့ဟာ ဆက်ပြီးတော့ ရှေ့မှာလုပ်ဖို့ဆိုတာ အင်မတန်ခက်ပါတယ်။  နိဂုံးချုပ်အနေနဲ့ ထပ်ပြောချင်တာကတော့ ပြည်သူတွေက ကျွန်မတို့ကို ထောက်ခံကြပါ။ ကျွန်မတို့နဲ့လက်တွဲပြီးတော့ ကျွန်မတို့လိုချင်တဲ့စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီးရောက်တဲ့အထိ အတူလျောက်ကြပါလို့ မေတ္တာရပ်ခံပါတယ်”ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

Source Weekly Elven

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: