တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း ပြည်ထောင်စု အတွင်းမှ ပေါက်ဖွားလာသူများ ဖြစ်သည့်အတွက် နိုင်ငံထူထောင်မှုတွင် ပါဝင်ရမည်၊


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း  ပြည်ထောင်စု အတွင်းမှ ပေါက်ဖွားလာသူများ ဖြစ်သည့်အတွက် နိုင်ငံထူထောင်မှုတွင် ပါဝင်ရမည်ဟု မြစ်ကြီးနားမြို့တွင် ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့တွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Getty Images)

ယနေ့နံနက် ၉နာရီခန့်က ပြုလုပ်သည့် လူထုဟောပြောပွဲတွင် KIA ခေါ် ကချင်လွတ်လပ်ရေးတပ်မတော်  နှင့် မြန်မာ့တပ်မတော်တို့ နှစ်ပေါင်းများစွာ အပစ်အခတ်ရပ်စဲနိုင်ခဲ့ပြီးမှ ယခု ပြန်လည်တိုက်ခိုက်နေကြခြင်းကို ရည်ရွယ် ပြောဆိုလိုက်ခြင်းဖြစ်သည်။

“၁၇ နှစ်ကြာ ရထားတဲ့ အပစ်အခတ် ရပ်စဲရေး ပျက်သွားပြီ၊ ဒါ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရေးအရ သဘောတူညီချက်တခု မရနိုင်ခဲ့လို့၊ နိုင်ငံရေးအရ သဘောတူညီချက်ဆိုတာ ရေရှည် လုပ်ယူရမယ့်ကိစ္စ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

မြန်မာ့တပ်မတော်သည် နိုင်ငံအေးချမ်းရေး အတွက်  ဒီမိုကရေစီ စိတ်ဓာတ် အပြည့်ရှိရန် လိုအပ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း  ပြည်ထောင်စု အတွင်းမှ ပေါက်ဖွားလာသူများ ဖြစ်သည့်အတွက် နိုင်ငံထူထောင်မှုတွင် ပါဝင်ရမည်၊  ညီညွတ်မှုအင်အားဖြင့် နိုင်ငံကာကွယ်ရေး၊ တိုးတက်ရေးကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောလိုက်သည်။

ဒီမိုကရေစီလမ်းကြောင်းကို မှန်ကန်စွာ လျှောက်လှမ်းမည် ဆိုလျှင် အကူအညီပေးမည့် နိုင်ငံ များစွာ ရှိပြီး  အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားများ အားလုံး လက်တွဲလုပ်ဆောင်ရန် လိုအပ်သည်ဟု ဆိုသည်။

ယခု ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဒေသအများအပြားကို လှည့်လည် သွားလာနေသည့် ဒေါ်အောင်ဆန်းစုကြည်က ထိုဒေသရှိ တိုင်းရင်းသားများသည် ငြိမ်းချမ်ရေး၊ ဖွံဖြိုး တိုးတက်ရေးအတွက် ဆန္ဒရှိသည်ကို တွေ့မြင်ရသည်ဟု  ပြောဆိုသွားသည်။

ယနေ့နံနက်ပိုင်း ဟောပြောပွဲသို့ ပရိသတ် ၄သောင်းနီးပါးခန့် တက်ရောက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ညက ပြုလုပ်သည့် ညစာစားပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံကြောင်း မြစ်ကြီးနားမြို့ NLD အဖွဲ့ခွဲ တာဝန်ခံတဦးဖြစ်သူ ဦးနေ၀င်းက ဧရာဝတီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲအကြိုကာလ ၎င်း၏ ပထမဆုံး တိုင်းရင်းသား လူမျိုးစုဒေသ ခရီးစဉ်ဖြစ်သည့်  မြစ်ကြီးနားမြို့ ဟောပြောပွဲတွင် တက်ရောက်နား ထောင်သည့် ပြည်သူများနှင့်လည်း အပြန်အလှန် ဆွေးနွေး ပြောဆိုခဲ့သည်။

“ပြည်သူအကြိုက် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ၊ ငါတို့ မဲရရင်ပြီးရော လုပ်တဲ့သူတွေကို အားမကိုးပါနဲ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုခဲ့သည့် “ပေးတာယူ၊ ကျွေးတာစား၊ ခြောက်တိုင်းမကြောက်နဲ့၊ ဒါပေမယ့် မဲပေးမှန်ဖို့တော့ လိုတယ် ”ဆိုသည့် စကားရပ်ကို သုံးကာ ဥပမာပေးလိုက်သည်။

မကြာသေးမီက ရန်ကုန်တိုင်း ကော့မှူးမြို့နယ်သို့ သွားရောက်စဉ် ပါတီကြီးတခုက ဒေသခံများ NLD အား မဲပေးလျှင် ၎င်းတို့ ပေးအပ်ထားသည့် ချေးငွေများ ပြန်တောင်း မည်ဟူသော ခြိမ်းခြောက်ပြောဆိုမှုများကို  ကြားသိခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က  ပြောသည်။

ခြိမ်းခြောက်ပြောဆိုမှုများနှင့် ကြုံရလျှင် NLD ပါတီကို အသိပေးတိုင်ကြားနိုင်ကြောင်း၊  မဲရရှိရန် လာဘ်ထိုးခြင်း၊ ခြိမ်းခြောက် ပြောဆိုခြင်းတို့သည် ရွေးကောက်ပွဲ စည်းကမ်းနှင့်  မညီကြောင်း၊ ပြည်သူများ  မှန်ကန်စွာ မဲထည့်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများကို ပြောသည်။

NLD ပါတီရွေးကောက်ပွဲ ၀င်ရောက်ရခြင်းမှာ စစ်မှန်သည့် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရန် ဖြစ်ပြီး၊ ပြည်သူများအနေဖြင့်လည်း တန်းတူညီမျှပြီး တဦး အပေါ်တဦး လေးစားသည့် ပင်လုံစိတ်ဓာတ်ကို အခြေခံရန် လိုအပ်ကြောင်း  ကချင်ရိုးရာဝတ်စုံကို ၀တ်ဆင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယခုကဲ့သို့ ပြည်သူများအား စုရုံး ဟောပြောနိုင်ခြင်းသည် သမ္မတကြီး ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းကြောင့် ဖြစ်ပြီး ဒီမိုကရေစီအတွက် အဖွဲ့အစည်း ပေါင်းစုံ ပါဝင်ရန် ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်များတွင် စီးပွားရေးအကြောင်းအရာများလည်းပါဝင်သည်။

နိုင်ငံစီးပွားရေး ပြုပြင်ရာတွင် မိမိတို့ ဖြစ်စေချင်သည့် ဆန္ဒတခုကိုသာ ဦးစားပေးခြင်း မဖြစ်သင့်ကြောင်း၊ ဘက်ပေါင်းစုံက ကြည့်ရှုစဉ်းစားရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုသည်။

“အလုပ် မရှိလို့ ကွမ်းယာရောင်း၊ အရက်ရောင်းနေတဲ့လူတွေကို မရောင်းစေချင်ဘူး ဆိုရင် သူတို့အတွက် ဘယ်လို အလုပ်မျိုးတွေ ဖန်တီးပေးမလဲ ဆိုတာကို စဉ်းစားရမယ်” ဟု ပြောသည်။

နံနက် ၁၁နာရီခန့်တွင် ဟောပြောပွဲ  ပြီးဆုံးသွားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည့် ဗန်းမော်မြို့ ဆက်လက် ထွက်ခွာသွားသည်။

လာမည့် ၃၅ ရက်ခန့်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲပြုလုပ်မည့် ဒေသအများအပြားသို့ သွားရောက် မဲဆွယ်ရန် စီစဉ်ထားသည်။

REF: Irrawaddy.org

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: