လူအမုန်းခံပြီး ဒါတောင် အမှတ်မရှိဘူး။


ကျွန်တော့် “ခေါင်း” အတော်ကောင်းပုံရတယ်။ ကိုယ့်ဘာသာ အလိုလိုနေရင်း … (ချောင်းပြီးရော ပေါ်တင်ပါ) အရိုက်ခံရကိန်းကို … ကြံဖန်ရှာဖွေယူတဲ့ လူလို့ ကိုယ့်ကိုကိုယ် သုံးသပ်မိတယ်။

ရောက်နေတဲ့ နေရာမှာ ကျောင်းလေးတတ်၊ စာလေးသင်၊ ပြီးရင် လခကောင်းကောင်းနဲ့ အလုပ်ရှာ .. ပိုက်ဆံစု၊ အိမ်ထောင်ပြု၊ အိမ်ဝယ်၊ ကားဝယ်၊ နောက်ဆုံးပေါ် လျှပ်စစ် ပစ္စည်တွေ ဝယ်သုံး၊ ကမ္ဘာအနှံ့ ခရီးထွက် … သားရေး၊ သမီးရေး လုပ်၊ ဘာသာရေး နည်းနည်းလုပ်၊ လှူတာတန်းတာ လုပ်၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပျော်ပါး၊ မိသားစုနဲ့ ကြည်နှုး၊ မိဘကို ကျေးဇူဆပ်၊ ပြီးရင် သေ … ဒီလိုနေပြီး ဘဝကို တည်ဆောက်လို့ ရနေတာကို … လျှာရှည်ပြီး … အဝေးကြီးက လူတွေကိစ္စ လိုက်ပြောနေတယ်။ ပြောပြန်တော့လည်း ခေါင်းကွဲပေါက်။

ဗုဒ္ဓဘာသာကို နာမည်ခံပြီး အမုန်းပွားတာတွေ မလုပ်ပါနဲ့လို့ အပြောကောင်းလွန်းတော့ … အခုဆို … “ချောင်းရိုက်မယ်၊ ပေါ်တင်ရိုက်မယ်” ဆိုပြီး … ပြောဆို ကြိမ်းဝါးထားသူတွေက ရှိနေပြီ။ 🙂

ဒါတောင် အမှတ်မရှိဘူး။

ထပ်ပြီးတော့လည်း … မြန်မာပြည်က အစ်စလမ် ဘာသာဝင်တွေကိုလည်း မြန်မာနိုင်ငံထဲက လူမှု့အဖွဲ့အစည်းမှာ လိုက်လျောညီထွေ ဖြစ်အောင် နေပြီး တည်ငြိမ်တဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ဖို့ အာချောင်မိပြန်တယ်။

စစ်မျက်နှာ ၂ ဖက် ဖွင့်ရင် စစ်ရှုံးတတ်တယ်လို့ အဆိုရှိကြတယ်။

စစ်ရှုံး မရှုံးတော့ မသိဘူး … လူမုန်းပိုများဖို့နဲ့ အရိုက်ခံရကိန်းကတော့ ပိုနီးနီးလာတယ်။ နိုင်ငံရေးဆိုတာ လူမုန်းများတဲ့ အလုပ်ဖြစ်တယ်လို့ လူကြီး သူမတွေက ပြောတာကို သေချာ နားမလည်ခဲ့ဘူး။ အများကောင်းဖို့ လုပ်တာပဲ။ စေတနာမှန်ရင် ဘယ်သူက မုန်းမှာလဲလို့ (ကိုယ့်ကိုကိုယ် ဟုတ်လှပြီဆိုပြီး) တွေးထားခဲ့တာ။

ဒါပေမယ့်လည်း “ခေါင်း” ကောင်းရုံတင် မကဘူး … “ခေါင်း” က အင်မတန်လည်း မာပုံရတယ်။ သူများတွေလို အေးအေးဆေးဆေး ကိုယ့်ပိုက်ဆံ ကိုယ်ရှာ ကိုယ့်ဘဝကိုယ် ထုဆစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း လူတန်းစေ့ နေလို့ရတဲ့ အခွင့်အရေးနဲ့ အသိတရား ရှိနေတာတောင် …. ဘယ်သူမှ လစာ မပေးတဲ့ .. ဒီ “မြန်မာ့နိုင်ငံရေး” ဆိုတာကြီးကို မပစ်ရက်နိုင်ဘူး။

လူအမုန်းခံပြီး …. “ငါဟာ မြန်မာ့နိုင်ငံရေးကို နိုင်သလောက် ကောင်းဖို့ လုပ်နေတယ်” ဆိုတဲ့ အတ္တကြီးကို တွယ်ဖက်ပြီး ပျော်ပါးနေမိတယ်လို့ပဲ … ကိုယ့်ကိုကိုယ် သုံးသပ်မိပါတော့တယ်။

(ကိုထိုက်)

Leave a comment